သမ္မတဦးသိန်းစိန်ကို ပြည်သူများ လှိုက်လှဲစွာကြိုဆို

Photo
7Day News Journal
ရန်ကုန်၊အောက်တိုဘာ-၁

အောင်သူရ၊ ဥက္ကာကိုကို

(၆၇) ကြိမ်မြောက် ကုလသမဂ္ဂအ ထွေထွေညီလာခံသို့ တက်ရောက် မိန့်ခွန်းပြောကြားခဲ့သော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည်
အောက်တိုဘာလ ၁ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာရာ ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ်တွင် ပြည်သူ
တစ်ထောင်ကျော်က ဗီနိုင်းများ၊ အလံများ၊ ရုပ်ပုံများ၊ ပန်းစည်းများ ကိုင်ဆောင်လျက် တစ်ခဲနက် ကြွေးကြော်ကြိုဆိုခဲ့ကြသည်။

အောက်တိုဘာ ၁ ရက် နံနက် ၉ နာရီ မိနစ်၂၀တွင် Silk Air  လေကြောင်းလိုင်းဖြင့် ပြန်လည်ရောက်ရှိလာသော သမ္မတကို လာရောက်ကြိုဆိုကြသူများတွင် ကုန်သည်/စက်မှုအသင်းချုပ်မှ ၀န်ထမ်းများ၊ Myanmar Egress  မှ သင်တန်းသားများ၊ ပြည်ခိုင်ဖြိုးပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ အမျိုးသားဒီမိုကရေစီအင်အားစု ပါတီတို့မှ ပါတီဝင်များ၊ အထည်ချုပ်လုပ်ငန်းမှ ၀န်ထမ်းများ၊ ရုပ်ရှင်နှင့် ဂီတအစည်းအရုံးမှ သရုပ်ဆောင်နှင့် အဆိုတော်များ၊ ပြည်သူများ ပါဝင်ခဲ့ကြသည်။

“အမေရိကန်မှာ လုပ်ခဲ့တဲ့ ဆောင်ရွက်ချက်နဲ့ ရခိုင်အတွက် လုပ်ဆောင်ချက်ရယ်၊ မြစ်ဆုံလုပ်ဆောင်ချက်တွေကို သဘောကျတယ်။ အရင်အစိုးရလက်ထက်နဲ့ အခု အစိုးရလက်ထက်မှာ ဒီသမ္မတ တက်လာပြီးတော့မှပဲ ပြောင်းလဲသွားတယ်လို့ ခံစားရတယ်။ ဘယ်နိုင်ငံကပဲ ဖိအားပေးနေပေးနေ၊ ပြည်သူ့ဘက်က ရပ်တည်တယ်ဆိုတာကို သိသိသာသာ ခံစားလိုက်ရတယ်”ဟု သမ္မတအား တစ်ဦးတည်း လာရောက်ကြိုဆိုသူ အသက် ၃၀ အရွယ် မလင်းလင်းက ပြောသည်။

နိုင်ငံတော်သမ္မတကို ကြိုဆို ရန်အတွက် ကုန်သည်/စက်မှုညီ နောင်အသင်းများမှ အသင်းတစ် သင်းလျှင် လူငါးဆယ်ခန့် တောင်းခံခဲ့ကြောင်း လှိုင်သာယာစက်မှုဇုန်ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ပြောသည်။ “ကျွန်တော်တို့ဆီကလည်း တောင်းတယ်။ ကျွန်တော်တို့ကတော့ အစည်းအဝေးရှိလို့ မသွားလိုက်ဘူး။ တခြားသွားချင် တဲ့လူတွေ သွားဖို့ပြောထားတယ်” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာစိုးထွန်းကပြောသည်။

“ကောင်းတဲ့လမ်းကြောင်း တစ်ခုပေါ်ကို ရောက်အောင်ကြိုး စားနေတာကြောင့် သမ္မတကြီးကို သဘောကျတယ်။ ပြည်သူတွေ
အားလုံးအတွက် အခုဆို မျှော်လင့်ချက်ဆိုတဲ့ အလင်းရောင်လေးရလာပြီပေါ့နော်။ ပြီးတော့ ပြည်သူတွေနဲ့ နွေးထွေးမှုရှိလာသလို မျိုး ခံစားရတယ်”ဟု ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် ဖွေးဖွေးကပြောသည်။

“အပြောမဟုတ်ဘဲ အလုပ်ပါ လုပ်နေတဲ့အတွက် ကြိုဆိုထိုက်ပါတယ်။ ကျွန်တော်တို့ကတော့ တိုင်းပြည်ကောင်းဖို့လုပ်တဲ့ ဘယ်သူပဲဖြစ်ဖြစ် ထောက်ခံမှာပါ”ဟု အဆိုတော်သားစိုးကပြောသည်။

နိုင်ငံတော်သမ္မတသည် နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ကုလသမဂ္ဂအထွေထွေညီလာခံတွင် မိန့်ခွန်းပြော ကြားခြင်းဖြစ်ပြီး မြန်မာနိုင်ငံသည် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွင် တိုးတက်မှုများ ဖန်တီးနေကြောင်း၊ စိန်ခေါ်မှုများကိုလည်း ရင်ဆိုင်နေရပြီး ပြည်သူများ၊ ကုလ သမဂ္ဂအဖွဲ့နှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းတို့၏  စိတ်ရှည်သည်းခံမှု၊ ကူညီထောက်ပံ့ပေးမှုတို့ကို လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။

ထို့အပြင် သမ္မတသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်တို့ကို ချီးကျူးပြောဆို ခဲ့သည်။

လာရောက်ကြိုဆိုသူများသည် “နိုင်ငံတကာတွင် မြန်မာ့ဂုဏ်ကိုဆောင်ခဲ့သော နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်အား လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုပါသည်”၊ “ပြည်သူ သန်းခြောက်ဆယ်အတွက် အပြောင်းအလဲကို ဆောင်ကြဉ်းပေးသူ”၊ “We Love Our President ၊ We Support You ၊ Congratulation, Mr.President ၊ “ဒီမိုကရေစီ  လမ်းကြောင်းကို ပြောင်းလဲဆောင်ရွက်ပေးသူ”၊ “အထည်ချုပ်လုပ်ငန်းနှင့် အလုပ်သမားများ အကျိုးအတွက် အထူးဆောင်ရွက်ပေးပါသော နိုင်ငံတော်သမ္မတကြီးအား ဂုဏ်ပြုကြိုဆိုပါသည်”စသော ပိုစတာဗီနိုင်းများကို ကိုင်ဆောင်လျက် ဆုတောင်းများကိုပါ ကြွေးကြော်ခဲ့ကြသည်။

“သမီးတို့တွေ စက်ရုံထဲကို ၀င်တဲ့အချိန်မှာ လေဆိပ်ကို သွားရမယ်ဆိုပြီး ခေါ်လာတာပါ။ သမ္မတကြီးကိုတော့ မသိဘူး” ဟု ယူနီဗာဆယ် အထည်ချုပ်စက်ရုံမှ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးက ဆိုသည်။

“ဒီနေ့ သမ္မတကြီးကို သွားကြိုတယ်။ ဘယ်သူကမှ ခိုင်းလို့ မဟုတ်ဘူး။ ကိုယ့်ဘာသာ သွားချင်လို့သွားတာ။ ဘာခမ်းခမ်းနားနား ၀တ်စုံနဲ့မှလည်း မဟုတ်ဘူး။ ဂျင်းဘောင်းဘီနဲ့ပဲ။ သမ္မတကြီး လေဆိပ်က ထွက်လာတော့ ဘာရည်ရွယ်ချက်နဲ့မှ မဟုတ်ဘူး။ အနီးကပ်မြင်ဖူးချင်လို့ အနားအထိ တိုးသွားမိတယ်။ သတင်းထောက်တွေကြားမှာပေါ့။ လုံခြုံရေးတွေကတော့  သူတို့ ထုံးစံအတိုင်း လမ်းရှင်းကြတယ်။ အချို့ဓာတ်ပုံ ကောင်း လိုချင်ကြတဲ့ ဓာတ်ပုံဆရာတွေအတွက်တော့ လုံခြုံရေးတွေ တွန်းတယ်ပေါ့။ ကိစ္စမရှိပါဘူး။ ဘယ်သူတွေ ဘာတွေဖြစ်ဖြစ် ကျွန်မတို့နိုင်ငံရဲ့ နိုင်ငံ့ခေါင်းဆောင်တစ်ယောက်ကို ဘာအရောင်မှမပါဘဲ ကျွန်မသွားကြိုဖြစ်ခဲ့တယ်။ အတော်လေး နီးနီးကပ်ကပ် ကျွန်မမြင်ခဲ့ရတယ်။ ကျေနပ်တယ်။ ဂုဏ်ယူတယ်။ ကျွန်မတို့နိုင်ငံအတွက် သမ္မတကြီးရော၊ ဒေါ်စုရော နှစ်ဦးစလုံးရဲ့အားတွေလိုတယ်။ ပြည်သူတွေအတွက် ပေါ့။ သူတို့နှစ်ယောက်လုံးကို အာဏာအတွက် အလုပ်လုပ်ကြတာ မဟုတ်ဘူးလို့ ယုံတယ်”ဟု Myanmar Egress သင်တန်းကျောင်းမှ မသင်ဇာအောင်က သူ မ၏ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်ကို တွေ့ရသည်။

7daynewsjournal.com