ကားဈေးပြန်မြင့်

Photo
ရန်ကုန်၊ စက်တင်ဘာ-၂၂

နိုင်ငံသားတိုင်း ကားတင်သွင်းခွင့်မူဝါဒ ထုတ်ပြန်ပြီး တစ်နှစ်ပြည့်မြောက်ချိန် ယခုတစ်ပတ်အတွင်း ပြည်တွင်းကားဈေးနှုန်းများ ပြန်လည်မြင့်တက်လာကြောင်း ဟံသာဝတီကားပွဲစားဝင်းမှ စုံစမ်းသိရှိရသည်။

နှစ် ၂၀ ကျော်သက်တမ်းရှိ “ဗ” အက္ခရာများအား ယခုလ ၅ ရက်မှ စတင်၍ ကုန်လမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနမှ အပ်နှံခွင့်ပြုပြီး တစ်ပတ်ကျော်အကြာတွင် ယခုကဲ့သို့ မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း ဟံသာဝတီကားဝင်းမှ ကားဝယ်ရောင်းတစ်ဦးက ပြောသည်။

“အရောင်းပြခန်းသမားတွေက အပြင်မှာ စလစ်တွေကို အကုန်လိုက်ဝယ်နေကြတာ။ ဒါကြောင့် ကိုယ့်လက်ထဲမှာရှိတဲ့ စလစ်ကိုကိုင်ပြီး ဈေးအော်နေကြတယ်”ဟု အထက်ပါ ၀ယ်ရောင်းကပင်ပြောသည်။ ထိုကြောင့် စလစ်များ လိုက်လံစုဆောင်း ၀ယ်ယူသူများ ရှိသောကြောင့် စလစ်ဈေးနှင့်အတူ ကားဈေးနှုန်းများပါ လိုက်လံမြင့်တက်လာခြင်းဖြစ်သည်။

အထူးသဖြင့် ပါမစ်မလိုဘဲ တင်သွင်းခွင့်ရရှိထားသည့် ၂၀၀၇ မော်ဒယ်အထက် ယာဉ်များဖြစ်သော တိုယိုတာ Vata၊ AD Var, Pro box, Honda, Point 3 စသည့် အင်ဂျင်ပါဝါ ၁၃၀၀ မှ ၁၅၀၀ အထိရှိသော ယာဉ်များမှာ ယခင် ကာလပေါက်ဈေးထက် ကျပ် ၁၀ သိန်းမှ ကျပ်သိန်း ၂၀ ၀န်းကျင်အထိ အသီးသီး မြင့်တက်လာခဲ့သည်။ ထို့အပြင် ပါမစ်နှင့်အတူ တင်သွင်းခွင့် ရရှိထားသော အမြင့်ကားများဖြစ်သည့် Surf , Prado, Mark-II ၊Mercedes  အစရှိသော ယာဉ်များမှာ မူလပေါက်ဈေးထက် ကျပ် ၁၅ သိန်းမှ သိန်း ၂၀ အထိ မြင့်တက်လာခဲ့သည်။

ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများနှင့် မိသားစုအလိုက် အသုံးပြုရန်အတွက် နယ်မြို့ကြီးများမှ ၀ယ်လက်အချို့ လာရောက်ဝယ်ယူမှု များပြားလာခြင်း၊ ကားအရောင်းစင်တာကြီးများမှ စလစ်စောင်ရေများကို နေ့စဉ်စောင်ရေ ၆၀ မှ ၁၀၀ အတွင်း ၀ယ်ယူမှုများ ရှိနေခြင်းကြောင့် ပြန်လည်မြင့်တက်လာခဲ့ခြင်းလည်း ဖြစ်သည်ဟု ကျောက်မြောင်းသတိပဋ္ဌာန် ကားပွဲစားဝင်းမှ ကားပွဲစားတစ်ဦးက ပြောသည်။

ယခင်က စလစ်တစ်စောင်လျှင် စက်တင်ဘာ ဒုတိယပတ်အထိ ကျပ် ၇၅ သိန်းမှ သိန်း ၈၀ အထိသာ ရှိခဲ့သော်လည်း စက်တင်ဘာ တတိယပတ်အတွင်း ကျပ်သိန်း ၉၀ မှ ၉၅ သိန်းအထိ နှုန်းထားများ မြင့်တက်လာကြောင်း အထက်ပါပွဲစားက ပြောသည်။

7daynewsjournal.com