မြန်မာ့သစ်တော ပြုန်းတီးစေခဲ့သူများ

Photo
7Day News Journal

သစ်ရိုင်း

မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးလှဆွေက “နိုင်ငံတစ်ဝန်းလုံးရှိ သစ်ပုံများနှင့် သစ်ဆိပ်များတွင် ရောင်းတန်းမ၀င်သစ်လုံးများ မည်မျှရှိသနည်း။ ရောင်းတန်းမ၀င်မှန်းသိပါလျက်နဲ့ ခုတ်ယူခွင့်ပြုခဲ့သော သစ်တောအရာရှိများကို ဘယ်လိုအရေးယူမလဲ။ နောက်တစ်ခုက သစ်လှဲစုပုံခဲ့တဲ့ ကုမ္ပဏီတွေကို ဘယ်လိုအရေးယူမလဲ”ဟု
ပထမအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေးသို့ အဆိုတင်သွင်းခဲ့ကြောင်း သတင်းဂျာနယ်တစ်စောင်တွင် ဖော်ပြထားသော သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရပါသည်။

ထိုသတင်းနှင့်ဆက်နွှယ်သော သတင်းတစ်ပုဒ်ကိုလည်း ဇူလိုင် ၃၀ ရက်ထုတ် The Daily Eleven သတင်းစာ၌ ဖတ်ခဲ့ရပြီးဖြစ်သည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဝင်းထွန်းက “သစ်ပုံဆိပ်ရောက်ရှိလာတဲ့ သစ်တွေကတော့ ရောင်းတန်းဝင် လုံးပတ်အတန်းအစားပြည့်မီတဲ့ တန်းနှင့်သစ်မာများဖြစ်ပါတယ်။ အလိမ်အကောက်အခေါင်းနဲ့ အက်ကွဲရာပါတဲ့ သစ်တွေကတော့ သစ်ထုတ်ပြီး သစ်ကွက်အတွင်းကျန်နေတဲ့ သစ်အလေအလွင့်တွေဖြစ်ပါတယ်။ ရောင်းတန်းမ၀င်သည့် သစ်လုံး၊ သစ်ခွဲသားမရှိကြောင်း၊ သစ်အ၀င်အထွက်စာရင်းများကို မှတ်တမ်းတင်ထားရှိကြောင်း၊ ရောင်းရသည့်ငွေကြေးများ ဆုံးရှုံးနစ်နာမှုမရှိကြောင်း၊ တရားမ၀င် ခုတ်လှဲထုတ်ယူခြင်းများရှိပါက အရေးယူဆောင်ရွက်လျက်ရှိပါတယ်”ဟု ဇူလိုင် ၂၉ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ပြောကြားကြောင်း သတင်း၌ဖော်ပြထားသည်။

ထို့အပြင် သစ်များကို လိုအပ်ချက်အရ ခုတ်လှဲထုတ်ယူခြင်းမှအပ တရားမ၀င်ခုတ်လှဲထုတ်ယူသည်များကို စစ်ဆေးတွေ့ရှိပါက ခုတ်လှဲခွင့်ပြုသည့် သစ်တောအရာရှိနှင့် သစ်ခုတ်လှဲထုတ်ယူသည့် ကုမ္ပဏီများကို အရေးယူဆောင်ရွက်လျက်ရှိကြောင်း၊ ချင်းပြည်နယ်အတွင်း သစ်ထုတ်ယူပြီး သစ်ကွက်များအတွင်းမှ ကျွန်းသစ်၊ သစ်လေသစ်လွင့်ထုတ်ယူရာတွင် ကျွန်းပင်များကိုပါ ခုတ်လှဲထုတ်ယူခဲ့သည့်အတွက် ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့် ပါဝင်သူများကို ပြည်သူပိုင်ပစ္စည်းကာကွယ်ရေး အက်ဥပဒေပုဒ်မ ၆(၁)ဖြင့် တရားစွဲအရေးယူခဲ့ကြောင်း၊ တာဝန်ရှိဝန်ထမ်းများကို အလုပ်မှထုတ်ပယ်သည်အထိ အရေးယူဆောင်ရွက်ခဲ့ကြောင်း သာဓကတင်၍ ဖြေကြားသွားကြောင်း တွေ့ရသည်။

ဆိုခဲ့ပါ သတင်းနှစ်ပုဒ်ကို ဆက်စပ်ကြည့်သောအခါ သတင်းဖော်ပြသည့်နေ့ရက် ကွာခြားသည်ကလွဲ၍ အကြောင်းအရာတစ်ခုတည်းအပေါ် မေးသူကမေး၍ ဖြေသူကဖြေကြားခြင်းဖြစ်သည်။

စင်စစ် ဦးလှဆွေမေးသော မေးခွန်းသည် ဖြေရခက်သောပုစ္ဆာဖြစ်သည်။ မြန်မာနိုင်ငံအနှံ့ သစ်ခုတ်လှဲသည့်ပမာဏသည် မနည်းလှ။ ၂၀၀၁-၂၀၀၂ မှ ၂၀၁၀-၂၀၁၁ ခု ဘဏ္ဍာနှစ်အထိ ဆယ်နှစ်တာကာလအတွင်း ကျွန်းသစ်ကုဗတန် ၂၉ သိန်းခန့်နှင့် သစ်မာကုဗတန် ၁၂၂ သိန်းကျော် ထုတ်လုပ်ခဲ့ကြောင်း တွေ့ရသည်။

ယင်းအနက် ချင်းပြည်နယ်မှထုတ်လုပ်သော ကျွန်းသစ်သည် ၃၂၉ ကုဗတန်သာဖြစ်ပြီး သစ်မာသစ်သည် ကုဗတန်ငါးသောင်းခန့်သာဖြစ်၏။ သစ်မာသစ်သည်ပင် တစ်နိုင်ငံလုံး သစ်မာစုစုပေါင်း ထုတ်လုပ်မှု၏ ၀ ဒသ မ ၄ ရာခိုင်နှုန်းသာရှိကြောင်း တွေ့ရသည်။

သစ်ထုတ်ပမာဏနည်းသော ချင်းပြည်နယ်၌ သစ်အလေအလွင့်များသာ ထုတ်ရမည့်အစား ကျွန်းပင်ထောင်များကို ခုတ်လှဲမှုရှိလျှင် ပမာဏများများထုတ်သည့် အခြားတိုင်းနှင့် ပြည်နယ်တို့၌ အလားတူဖြစ်စဉ်မျိုး ရှိ၊ မရှိ တပ်အပ်မပြောနိုင်။ လက်ပူးလက်ကြပ်မမိ၍ မသိသည့်ဖြစ်စဉ်မျိုးရှိသကဲ့သို့ ဖုံးဖုံးဖိဖိလူမသိအောင် ရှင်းလိုက်ကြသည့် ဖြစ်စဉ်မျိုးလည်းရှိနိုင်သည်။

သစ်လေသစ်လွင့်ထုတ်သည့် ကိစ္စထက်ဆိုးသည့် သတ်မှတ်နှစ်စဉ်တောတွက် AAC ထက် ပမာဏအမြောက်အမြား ပိုမိုခုတ်လှဲသည့်ကိစ္စများကိုပင် မသိလိုက်မသိဘာသာ နေခဲ့ကြကြောင်း တွေ့ရ၏။ သစ်တောဦးစီးဌာနက ကျွန်းနှစ်စဉ်တောထွက်ကို ပင်ရေ ၁၄၇၀၀၀ သတ်မှတ်ပြီး သစ်မာနှစ်စဉ်တောထွက်ပင်ရေ ၁၁၃၁၀၀၀ သတ်မှတ်ထားသော်လည်း ၂၀၀၁-၀၂ မှ ၂၀၁၀-၁၁ ဘဏ္ဍာနှစ်အထိ ဆယ်နှစ်တာကာလအတွင်း ကျွန်းတစ်နှစ်ပျမ်းမျှပင်ရေ ၁၆၉၀၀၀၊ သစ်မာတစ်နှစ်ပျမ်းမျှပင်ရေ ၁၃၈၀၀၀ ပိုမိုခုတ်လှဲခဲ့ကြသည်။

ထိုသို့ ပိုမိုခုတ်လှဲခြင်းသည် ခိုးကြောင်ခိုးဝှက်ခုတ်လှဲခြင်းမဟုတ်။ ပြောင်ပြောင်တင်းတင်း ခုတ်လှဲကြခြင်းဖြစ်၏။ ကွပ်ကဲကြီးကြပ်ထုတ်လုပ်သူကလည်း မကြီးကြပ်မကွပ်ကဲဘဲ၊ ထိန်းသိမ်းတားမြစ်ရမည့်သူကလည်း မထိန်းသိမ်း၊ ဆယ်နှစ်တာကာလအတွင်း ပရမ်းပတာ သစ်ထုတ်ခဲ့ကြခြင်းဖြစ်သည်။ ရလဒ်ကား ကမ္ဘာ့စတုတ္ထသစ်တောဖြုန်းတီးမှုအများဆုံး နိုင်ငံဘ၀ရောက်ခဲ့သည်။

စင်စစ်ရှေးယခင်က တောတွင်းသစ်ထုတ်လုပ်ငန်းကို သူ့စည်းသူ့ကမ်းနှင့် လုပ်ကိုင်ခဲ့ကြခြင်းဖြစ်သည်။ မြန်မာနိုင်ငံကကျင့်သုံးသော ထာဝစဉ်ညီ သစ်တောစီမံခန့်ခွဲမှု တစ်နည်းအားဖြင့် ရေရှည်တည်တံ့စေသော သစ်တောစီမံခန့်ခွဲမှု (Sustainable Forest Management-SFM)၏ အခြေခံသည် မြန်မာရွေးချယ်ခုတ်လှဲနည်းစနစ် (Myanmar Selection System-MSS) ဖြစ်သည်။ ထိုစနစ်သည် သစ်ပင်၏လုံးပတ်ကန့်သတ်ချက်အခြေခံဖြင့် တွက်ချက်သတ်မှတ်သော နှစ်စဉ်တောထွက် (AAC)ဘောင်အတွင်းမှသာ ခုတ်လှဲထုတ်လုပ်သောစနစ် ဖြစ်သည်။ ကျွန်းပင်၏ လုံးပတ်ကန့်သတ်ချက်(GBH)သည် ၇ ပေ ၆ လက်မဖြစ်ပြီး သစ်မာ၏ GBH သည် ၆ ပေ ဖြစ်သည်။ ထိုလုံးပတ်များထက်ငယ်သော သစ်ပင်ကို ခုတ်လှဲခြင်းမပြုရချေ။

ယခုသော် ကန့်သတ်နှစ်စဉ် တောထွက်ပမာဏထက် ပိုမိုခုတ်လှဲလျက်ရှိကြသည့်အပြင် သစ်အလေအလွင့်များကိုပင် လျာထားချက်သတ်မှတ်ပြီး ခုတ်ယူခွင့်ပြုလျက်ရှိကြောင်း တွေ့ရ၏။ နှစ်စဉ် သစ်ထုတ်လုပ်မှုစီမံကိန်း၌ ကျွန်းသစ်အလေအလွင့် (Rejection) လျာထားချက်ပမာဏကို ထုတ်လုပ်မည့် ကျွန်းသစ်ပမာဏ၏ ၁၀ ရာခိုင်နှုန်း သတ်မှတ်လျာထားလေ့ရှိကြောင်း သိရသည်။

“သစ်အလေအလွင့်”ဟူသော ဝေါဟာရကို အနက်အဓိပ္ပာယ် မည်ကဲ့သို့ဖွင့်ဆိုသည်မသိ၊ ဌာနတွင်း ညွှန်ကြားချက်ရှိလိမ့်မည်ထင်သည်။ မြင်တွေ့ရလျက်ရှိသော သစ်အလေအလွင့်ဆိုသော သစ်များ၏အတိုင်းအတာ (ပေရှည်၊ လုံးပတ်)ကိုကြည့်လျှင် သစ်အလေအလွင့်များသည် သစ်ထုတ်လုပ်ရာမှ ထွက်ရှိသော သစ်လုံးအကြိုးများ၊ သစ်ကိုင်းများ၊ နွယ်ပင်များ၊ သစ်စသစ်နစသည့် Harvesting Debris များ မဟုတ်ကြောင်းတွေ့ရသည်။

ထို့အပြင် အသုံးပြုရသမျှ သစ်မှန်သမျှ ထုတ်ယူသောစနစ် ကျင့်သုံးချိန် ၁၉၉၇ ခုနှစ်ဝန်းကျင်မှစပြီး ကွယ်ပျောက်ခဲ့သော မယူမနေရသစ် (Obligatory logs) ယူလိုမှယူသောသစ် (Optional logs)တို့၏ အတိုင်းအတာအတိုင်းလည်းမဟုတ်၊ ၁၉၈၀ ပြည့်နှစ်မှစ၍ နိုင်ငံတော်ပြန်တမ်းဖြင့် ထုတ်ပြန်ခဲ့သော ကိုင်းဖျားကိုင်းနားသစ်(Top & Lop) အတိုင်းအတာနှင့်လည်း ကွဲပြားခြားနားကြောင်း တွေ့ရသည်။

စင်စစ် ကျွန်းသစ်ခုတ်လှဲထုတ်လုပ်ရာ၌ ကျင့်သုံးသောစည်းကမ်းများ ရှေးယခင်ကရှိခဲ့ပါသည်။ ၁၉၃၉ ခုနှစ်ကတည်းက ကျင့်သုံးခဲ့သော Jungle Rejection ဟု အလွယ်ခေါ်လေ့ရှိသည့် ဖြတ်ပိုင်းပေးခြင်းအကြောင်းအရာနှင့် ကျွန်းသစ်များကို တောတွင်ပယ်ချနိုင်သောစည်းကမ်းများ ဖြစ်သည်။ ခုတ်လှဲပြီးသော ကျွန်းပင်များကို စနစ်တကျပိုင်းဖြတ်သည့်စနစ်ဖြစ်သည်။

ထို့အပြင် ပိုင်းဖြတ်ပြီးသစ်လုံးများကို အတိုင်းအတာ၊ အရွယ်အစား၊ အနာအဆာ (Defects)ပါဝင်မှုအနေအထားပေါ် အခြေခံ၍ အတန်းအစားခွဲခြားသည့် ကျွန်းသစ်လုံး အတန်းအစားခွဲခြားနည်း (Classification of Teak Logs)အရ ကြယ်အတန်းအစား ခွဲခြားပြီးမှ လိုရာသို့ သယ်ယူပို့ဆောင်ခြင်းဖြစ်သည်။

အထက်ပါ စည်းမျဉ်းစည်းကမ်းများအပြင် မြန်မာ့သစ်လုပ်ငန်း၏ သစ်ထုတ်ဝန်ထမ်း၊ အရာထမ်းများအနေဖြင့် ကျမ်းစာသဖွယ် လက်ကိုင်ထားလိုက်နာရသော သစ်ထုတ်ရေးလက်စွဲ (Exraction Manual)ဟူသည့် ဌာနတွင်းညွှန်ကြားချက်လည်း ရှိသေးသည်။

သို့သော် မြန်မာ့သစ်လုပ်ငန်း(MTE)နှင့် ပုဂ္ဂလိကလုပ်ငန်းရှင်တို့ အကျိုးတူပူးတွဲစနစ်ဖြင့် သစ်ထုတ်လုပ်သော ၁၉၉၅ ခုနှစ် နောက်ပိုင်းကာလတွင် လက်တွေ့သစ်ခုတ်သူက ပုဂ္ဂလိကဖြစ်ပြီး MTE က ကြီးကြပ်သူဖြစ်သည်။ တောတွင်းသစ်ထုတ်လုပ်ငန်း၌ ပုဂ္ဂလိကလုပ်ငန်းရှင်များ ပါဝင်လာသောကြောင့် သစ်ထုတ်လုပ်မှုပမာဏ မြင့်မားတိုးတက်လာခဲ့သည်။ နှစ်စဉ်သစ်ထုတ်ပမာဏ၏ ၇၅ ရာခိုင်နှုန်းကို ပုဂ္ဂလိကလုပ်ငန်းရှင်များက ထုတ်ကြသည်ဟုဆိုသည်။ အကျိုးတူပူးတွဲစနစ် ကျင့်သုံးစက သစ်ထုတ်ကုမ္ပဏီအရေအတွက်သည် လက်ဆယ်ချောင်းမျှပင် မပြည့်သော်လည်း ယခုအခါ ကုမ္ပဏီတစ်ရာကျော်က တောတွင်းသစ်ထုတ်လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

ဤသို့ များပြားသောကုမ္ပဏီအရေအတွက်ဖြင့် သစ်ထုတ်ပမာဏအမြောက်အမြားကို ကြီးကြပ်ကွပ်ကဲထိန်းသိမ်းရသည့် လုပ်ငန်းမှာ ကြီးမားလှသည်။ ထောင့်စေ့အောင် ဆောင်ရွက်နိုင်ကြလိမ့်မည်မဟုတ်။ ပုဂ္ဂလိကတို့၏ သဘာဝအတိုင်း ကိုယ်ကျိုးစီးပွားကို အဓိကထားခုတ်လှဲခဲ့ကြသဖြင့် အထက်တွင်ဆိုခဲ့သည့်အတိုင်း သတ်မှတ်နှစ်စဉ် ကိုယ်ကျိုးစီးပွားကို အဓိကထားခုတ်လှဲခဲ့ကြသဖြင့် အထက်တွင်ဆိုခဲ့သည့်အတိုင်း သတ်မှတ်နှစ်စဉ် တောထွက်ထက် အဆမတန် ပိုမိုခုတ်လှဲကြသည်။ ကြီးကြပ်ရန်တာဝန်ရှိသူနှင့် ထိန်းသိမ်းရန်တာဝန်ရှိသူတို့သည်လည်း ပုဂ္ဂလိကလုပ်ငန်းရှင်တို့နှင့် တစ်စီးပွားတည်းဖြစ်သွားဟန်တူသည်။ သို့ဖြင့် ရေရှည်တည်တံ့စေသော သစ်တောစီမံခန့်ခွဲရာမှ (SFM) ၏ အခြေခံဖြစ်သော မြန်မာ့ရွေးချယ်ခုတ်လှဲနည်းစနစ် (MSS)သည် တာဝန်ရှိသူများ တာဝန်မဲ့မှုနှင့် ပုဂ္ဂလိကတို့၏ ၀ိသမလောဘတက်မှုတို့ကြောင့် ချောင်ထိုးခံခဲ့ရသည်။

တာဝန်ရှိသူအစိုးရက ဒေါ်လာရဖို့တစ်ခုတည်းကိုသာ အာရုံစိုက်ခဲ့သည်။ နိုင်ငံ့အနာဂတ်အတွက် ငဲ့ကွက်ခြင်းမရှိခဲ့။ အစိုးရက ဒေါ်လာမက်လေ ပုဂ္ဂလိကတို့အဖို့ အကွက်ဝင်လေဖြစ်ခဲ့သည်။

သစ်တောများ ရေရှည်တည်တံ့ရေးအတွက် အဓိကတာဝန်ရှိသူအဆက်ဆက်သည် မျက်နှာသာရလိုမှု၊ သူကောင်းပြုခံရလိုမှုတို့အတွက် AAC ဟူသောအသံကိုပင် ကြားချင်ကြဟန်မတူကြ။

ဤနေရာတွင် စာရေးသူဝန်ထမ်းဘ၀က အဖြစ်အပျက်တစ်ခုကို အမှတ်ရမိသည်။ စာရေးသူ စာစစ်အမှတ်ပေးတာဝန်ယူရသော ရာထူးတိုးမြှင့်ရေးစာမေးပွဲတစ်ခုတွင် ဖြစ်သည်။ ဘာသာပြန်မေးခွန်းတစ်ပုဒ်၏အဖြေကိုဖတ်ပြီး မချိတင်ကဲဖြစ်ခဲ့ရသည်။

Myanmar is rich with forest resources ကို ဘာသာပြန်ထားပုံမှာ “မြန်မာတို့သည် သစ်ဖြင့်ချမ်းသာကြွယ်ဝနေကြသည်”ဟူ၏။ ထိုစဉ်က ထိုအဖြေမှားသည်။ ယခုအခါ ထိုအဖြေမှန်နေကြောင်း တွေ့ရသည်။ မြန်မာနိုင်ငံ၌ သစ်ဖြင့်ချမ်းသာကြွယ်ဝကြသူများ အမြောက်အမြားရှိနေကြပြီဖြစ်၏။ အချုပ်ဆိုသော် မြန်မာ့သစ်တောပြုန်းတီးစေခဲ့သူများသည် အောက်ခြေအဆင့်အရာရှိများနှင့် ကုမ္ပဏီများချည်းမဟုတ်ကြောင်း သိပြီးဖြစ်ပါလိမ့်မည်ဟု မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးလှဆွေအားပြောလိုပါကြောင်း။    ။

7daynewsjournal.com