မြန်မာဇာတ်ကား ခိုးကူးသူနှင့် ခိုးကူးခွေ ရောင်းချသူများ ဖမ်းဆီးမိ

နေပြည်တော်၊ ဇွန်- ၁၅

နေပြည်တော်၊ ပျဉ်းမနားတွင် မြန်မာဇာတ်ကားခွေခိုးကူးယူ၊ ရောင်းချသူနှင့် ခိုးကူးခွေ ရောင်းချသူများကို ကူးစက်များ၊ ခိုးကူးခွေများနှင့်အတူ ဇွန် ၁၃ ရက်က ဖမ်းဆီးရမိခဲ့ကြောင်းသတင်းရရှိသည်။

နေပြည်တော်ရဲတပ်ဖွဲ့သည် ဗီဒီယိုအခြေခံအဖွဲ့နှင့်အတူ တရားမ၀င်ခိုးကူးခွေများ ရောင်းချနေသည်ဟု သတင်းရရှိထားသော ပျဉ်းမနားမြို့၊ ရွှေချီရပ်ကွက်၊ ဦးသာလှလမ်းရှိ သီဟန် (၃၀)နှစ်၏ နေအိမ်သို့ အဆိုပါရက်ည ၇ နာရီအချိန်ခန့်က ၀င်ရောက်ရှာဖွေဖမ်း
ဆီးရာ မြန်မာဇာတ်ကားဆင်ဆာမဲ့ ခိုးကူးခွေဗီစီဒီ ၁၀၅ ချပ်နှင့် အခွေကူးရာတွင် အသုံးပြုသော ဒီဗီဒီဆယ်ချပ်တွဲ ကူးစက်နှင့် ကွန်ပျူတာ
တစ်လုံး အပါအ၀င်စက်ကိရိယာ ခြောက်မျိုးတို့ကို စစ်ဆေးတွေ့ရှိခဲ့သည်။

အခြားပူးပေါင်းအဖွဲ့ကလည်း ပျဉ်းမနားမြို့၊ ဗိုလ်ချုပ်လမ်းရှိ မွန်းစတားတေးဖြန့်ချိရေးသို့ ၀င်ရောက်ဖမ်းဆီးရာ နိုင်ငံခြားဇာတ်ကား ဒီဗီဒီတစ်သောင်း ခြောက်ထောင် ငါးရာ့ငါးဆယ်၊ မြန်မာဇာတ်ကား၊ အငြိမ့်နှစ်ထောင့်သုံးရာ ရောင်းချနေသူ မောင်ထူးရှိုက်(၁၈)နှစ်ကို တွေ့ရှိခဲ့ပြီး ဆိုင်ရှင်အောင်ချမ်းပိုင်(၂၅)နှစ်သည် ထွက်ပြေးတိမ်းရှောင်သွားကြောင်းသတင်းရရှိသည်။

အဆိုပါ ရက်ည ၆ နာရီ ၄၀ မိနစ်အချိန်ခန့်ကလည်း ပျဉ်းမနားမြို့နယ်၊ ဗိုလ်ချုပ်လမ်းအနီး၊ ရွှေချီ ၄ လမ်းပေါ်တွင် တရားမ၀င် ဆင်ဆာမဲ့ ခိုးကူးခွေများ ရောင်းချနေသော ဇော်ရှိုင်း(၂၇)နှစ်ကို ရဲတပ်ဖွဲ့ဝင်တို့က ထပ်မံဖမ်းဆီးရာ တရားမ၀င် နိုင်ငံခြားဆင်ဆာမဲ့ကူးခွေ
၈၀၀၊ မြန်မာသီချင်းခွေ ၄၀၀နှင့် အငြိမ့်ခွေ ၆၀ တို့ကို  ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူများကို ပျဉ်းမနားမြို့မရဲစခန်းက ဗီဒီယိုအက် ၃၂(ခ)/ ၃၃(ခ)အရလည်းကောင်း၊ ဗီဒီယိုအက် ၃၂ (ခ)အရ အရေးယူ
ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

နေပြည်တော်ပျဉ်းမနားမြို့မရဲစခန်းအပိုင် နယ်မြေတွင် ယခုနှစ်အတွင်း အလားတူအမှုမျိုး ဆယ်မှုရှိခဲ့ပြီး ယခုဖမ်းဆီးရမိသော အမှုမှာ အရေအတွက် အများဆုံးဖြစ်ကာ ယခင်က ဖမ်းဆီးရမိခြင်းမှာ မြန်မာခွေနှင့်ပတ်သက်လျှင် မြန်မာသီချင်း အခွေများသာ ခိုးကူးလေ့ရှိကြသော်လည်း ယခုအခါ မြန်မာဇာတ်လမ်းခွေများကိုပင် တရားမ၀င်ခိုးကူး ရောင်းချ၊ ငှားရမ်းလေ့ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ဆင်ဆာကတ်ပါတဲ့ မြန်မာဇာတ်လမ်းခွေမှာတောင် ကတ်မှာပါတဲ့ မြို့နယ်ဧရိယာအတွင်းမှာပဲ ငှားရမ်းခွင့်ရှိပါတယ်။ နယ်ကျော်ပြီးတောင် ငှားခွင့်မရှိပါဘူး။ ခိုးကူးခွေတွေ၊ ဆင်ဆာမဲ့ခွေတွေဆိုရင် ပြောမနေနဲ့။ အခုဟာက ဒီလိုအခွေတောင်မှ ရောင်းတမ်းဈေးကွက်ထဲ ရောက်နေပြီဆိုတော့ ကျွန်တော်တို့ အနေနဲ့ လုပ်ရကိုင်ရ ပိုခက်သွားပြီ” ဟု မြန်မာဗီဒီယို အခွေငှားဆိုင်ရှင်တစ်ဦးက ပြောကြားသည်။

7daynewsjournal.com