ပရိသတ်ကျဲကျဲနှင့် မိုက်ကယ်လန်းရော့ခ်ဂီတည

Photo
7Day News Journal
ရန်ကုန်၊ ဧပြီ- ၁

အေးသူစံ၊ ကြူကြူဟန်၊ ဇွဲဉာဏ်

မြန်မာနိုင်ငံတွင် အခပေးဖျော်ဖြေပွဲအဖြစ် ပထမဆုံး လာရောက်ဖျော်ဖြေခဲ့သည့် မိုက်ကယ်လန်းတူရော့ခ်အဖွဲ့မှာ မြန်မာပရိသတ်များစွာ ရရှိထားသော်လည်း လက်မှတ်ဈေးနှုန်း မြင့်မားမှုကြောင့် ကြည့်ရှုသူနည်းပါးခဲ့သည်ကို တွေ့ရသည်။

MLTR ဖျော်ဖြေပွဲလက်မှတ်များကို အနိမ့်ဆုံး ကျပ်နှစ်သောင်းနီးပါးမှ အမြင့်ဆုံး ကျပ်တစ်သိန်းခွဲအထိ သတ်မှတ်ထားသည်။ ဖျော်ဖြေပွဲကို လာရောက်ကြည့်ရှုလိုကြသူ အမြောက်အမြားရှိခဲ့သော်လည်း အမြင့်ဆုံးလက်မှတ်တစ်စောင်မှာ မြန်မာနိုင်ငံသားတစ်ဦး၏ တစ်လ၀င်ငွေထက်ပင် များနေသည့်အတွက် ပြည်တွင်းပရိသတ်အများစု ကြည့်ရှုနိုင်ခဲ့ခြင်း မရှိပေ။ ယင်းကြောင့် မြန်မာပရိသတ် အခိုင်အမာရရှိခဲ့သော MLTR အဖွဲ့၏ မြန်မာနိုင်ငံဖျော်ဖြေပွဲမှာ ၎င်းတို့ဖျော်ဖြေခဲ့ရသည့် အာရှဒေသတွင်း ဖျော်ဖြေပွဲများအနက် ပရိသတ်အနည်းဆုံး ဖျော်ဖြေပွဲဖြစ်သွားခဲ့ရသည်။

မည်သည့်နိုင်ငံမှ ကမ္ဘာကျော်မဆို လာရောက်ဖျော်ဖြေ တင်ဆက်ရန် ကြိုဆိုသော်လည်း မြန်မာပြည်တွင်းပရိသတ်အများစု အသုံးပြုနိုင်မည့် ငွေကြေးပမာဏမှာမူ
အခက်အခဲရှိနေဦးမည်ဖြစ်ကြောင်း MLTR ပွဲရောက် အဆိုတော်အနဂ္ဂကပြောသည်။

မတ်လ ၃၁ ရက် ညခုနစ်နာရီခန့်တွင် လေးဇီးကလပ်တီးဝိုင်းက မြန်မာနိုင်ငံတော်သီချင်း တီးခတ်ခြင်းဖြင့် ပွဲကိုစတင်လိုက်ပြီး LED ဘုတ်ဖြင့် ထိုးပြထားသော နိုင်ငံတော်အလံအား ပရိသတ်များ မတ်တတ်ရပ် အလေးပြုခဲ့ကြသည်။ နိုင်ငံတကာတီးဝိုင်းများ၏ ထုံးစံအတိုင်း MLTR အဖွဲ့မှာ တစ်နာရီခွဲစာ တီးခတ်ဖျော်ဖြေမည်ဖြစ်ရာ ပြည်တွင်းပရိသတ်များ အဆင်ပြေစေရန် အင်ပါယာနှင့် လေးဇီးကလပ်တီးဝိုင်းတို့က တစ်နာရီခွဲစာ ဖျော်ဖြေပေးခဲ့ပြီး ဇော်ဝင်းထွဋ်နှင့် ဖြူဖြူကျော်သိန်းတို့က ၎င်းတို့၏ ကျော်ကြားသော ကိုယ်ပိုင်သံစဉ် တေးသီချင်းများ သီဆိုပေးခဲ့ကြသည်။

ဇော်ဝင်းထွဋ် သီဆိုနေချိန်တွင် ပရိသတ်များ တဖွဲဖွဲ ထပ်မံရောက်ရှိလာသော်လည်း ဈေးနှုန်းတစ်သိန်းနှင့်အထက် VVIP ထိုင်ခုံနေရာများမှာ နေရာလွတ်များစွာ ကျန်ရှိနေသည်။ ထို့အပြင် အနိမ့်ဆုံးဈေးနှုန်းဖြင့် သတ်မှတ်ရောင်းချခဲ့သော Silver အတန်းမှာလည်း ပရိသတ်အနည်းအကျဉ်းသာရှိခဲ့ပြီး MLTR အဖွဲ့ ဖျော်ဖြေရန် စင်ပေါ်ရောက်ရှိချိန်တွင်တော့ အကာအရံများကို ကျော်လွန်လျက် နောက်ဆုံးတန်းမှ ပရိသတ်များကို Golden အတန်းသို့ ၀င်ခွင့်ပြုလိုက်ရသည်။

မိုက်ကယ်လန်းအဖွဲ့က Renovate My Life သီချင်းဖြင့် ပွဲကိုစတင်လိုက်ပြီး “မင်္ဂလာပါ မြန်မာ”ဟု အဆိုတော်ဂျာရှာက နှုတ်ခွန်းဆက်လိုက်ရာ ပရိသတ်များနှင့်
ရင်းနှီးနွေးထွေးစေခဲ့သည်။ ဂျာရှာက “ကျွန်တော်တို့ မြန်မာနိုင်ငံကိုလာဖို့ စောင့်ဆိုင်းခဲ့ရတာ နှစ် ၂၀ လောက်ရှိခဲ့ပါပြီ”ဟုပြော၍ Sleeping Child သီချင်းကို ပွဲစစချင်းမှာပင် သီဆိုလိုက်ခြင်းဖြင့် မြန်မာပရိသတ် အသည်းနှလုံးကို MLTR တို့ လျင်မြန်စွာ သိမ်းပိုက်သွားသည်။ အတည်ပေါက်နှင့် စနောက်တတ်သည့် ဂျာရှာ၏ တင်ဆက်မှုများကြောင့် ပရိသတ်များ ပျော်ရွှင်ခဲ့ကြရသည်။

MLTR ၏ ဖျော်ဖြေပွဲကို ပြည်တွင်းမှ အနုပညာရှင်များစွာ လာရောက်ကြည့်ရှုခဲ့ကြသည့်အနက် ၎င်းတို့သီချင်းများကို ပြန်လည်သီဆိုခဲ့သည့် အဆိုတော်စည်သူလွင်က “အရမ်းကြိုက်လို့ သူတို့သီချင်းတွေကို ပြန်ဆိုခဲ့တာပါ။ အခုလို သူတို့နဲ့ ရင်ဆိုင်တွေ့ရတော့မယ်ဆိုတော့ နည်းနည်းတော့ ရှက်တာပေါ့။ ကိုယ်က သူတို့သီချင်းတွေကို ခွင့်မတောင်းဘဲ ဆိုထားမိတာကို”ဟု ပြောကြားခဲ့သည်။

နိုင်ငံတကာမှ အဆိုတော်များနှင့် ဒုတိယအကြိမ် စင်မြင့်ဖျော်ဖြေပွဲ တွေ့ကြုံရသည့် ဖြူဖြူကျော်သိန်းက “ဒီလိုပွဲမျိုးမှာဆိုရတာ ဘ၀င်လေဟပ်ပါတယ်။ အနှစ် ၅၀ လောက် ကမ္ဘာကြီးနဲ့အဆက်ပြတ်နေရာကနေ ကမ္ဘာကြီးရဲ့အစိတ်အပိုင်းတစ်ခု ပြန်ဖြစ်တယ်လို့ ခံစားရတယ်”ဟု ပြောကြားခဲ့သည်။

ည ၉ နာရီခွဲတွင် စတင်ဖျော်ဖြေခဲ့သော MLTR အဖွဲ့သည် Take Me To Your Heart, Blue Night, Breaking My Heart, 25 minutes, Complicated Heart, Out Of The Blue အပါအ၀င် သီချင်း ၂၃ ပုဒ်တိတိ သီဆိုပေးခဲ့ပြီး “ဒီနေ့ညအတွက် ခင်ဗျားတို့ကို ကျေးဇူးအရမ်းတင်ပါတယ်။ နောင်တစ်ချိန်မှ ပြန်ဆုံတွေ့ကြပါမယ်”ဟု ပြောကြားရင်း ပရိသတ်ကို နှုတ်ဆက်သွားချိန်တွင် ည ၁၁ နာရီထိုးရန် ငါးမိနစ်သာလိုတော့သည်။

7daynewsjournal.com