မိတ္ထီလာအကြမ်းဖက်မှုဖြစ်စဉ်တွင် ပါဝင်သည်ဟု ယူဆရသည့် သံဃာအချို့အား အစစ်ဟုတ်၊ မဟုတ် သက်ဆိုင်ရာ စစ်ဆေးနေ

Photo
ရန်ကုန်၊ ဧပြီ-၁

မိတ္ထီလာတွင် ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်ဖြစ်စဉ်များ၌ သံဃာအများစု ပါဝင်ခြင်းမရှိသော်လည်း ပါဝင်သည်ဟု ယူဆရသူအချို့အား သံဃာအစစ် ဟုတ်၊ မဟုတ် သက်ဆိုင်ရာမှ စစ်ဆေးနေကြောင်း သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကပြောသည်။

ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းရှိ ပုဒ်မ-၁၄၄ ၊ ၁၈၈ ထုတ်ပြန်ထားသော မြို့နယ်များရှိ သံဃမဟာနာယက ကျောင်းများသို့
သာသနာရေးပြည်ထောင်စုဝန်ကြီးမှ သာသနာရေးဆိုင်ရာများ လိုက်လံလျှောက်ထားသည့် ခရီးစဉ်တွင် ပြောကြားခြင်းဖြစ်သည်။

“တချို့တွေပြောသလို မိတ္ထီလာဖြစ်စဉ်မှာ သံဃာတွေ အများအပြား ပါတယ်ဆိုတာ မဟုတ်ပါဘူး။ အကြီးအကျယ်ဖြစ်တဲ့ ရက်တွေမှာ ကျွန်တော်ကိုယ်တိုင် အဲဒီမှာရှိနေပါတယ်။ သံဃာအများစုကတော့ ဖြစ်နေတဲ့ကိစ္စတွေကို လိုက်ထိန်းတာပါပဲ။ အနည်းအကျဉ်းတော့ ရှိနိုင်ပါတယ်။ သင်္ကန်းဝတ်တွေလည်း ဖြစ်နိုင်ပါတယ်။ ဒါကလည်း သံဃာအစစ် ဟုတ်၊ မဟုတ် သက်ဆိုင်ရာက စစ်ဆေးနေပါပြီ”ဟု ပြည်ထောင်စုဝန်ကြီးကပြောသည်။

အဆိုပါဖြစ်စဉ်တွင် ပုန်းရှောင်နေသူများကို သံဃာတော်များမှ လိုက်လံရှာဖွေ၍ မိမိအပါအ၀င် သံဃာတော်များမှ ၀န်းရံကာ ခရိုင်အားကစားကွင်းအတွင်းသို့ ပို့ဆောင်ပေးခဲ့ပြီး အချို့သော ထွက်ပြေးတိမ်းရှောင်လာသူများကို ဘုန်းကြီးကျောင်းဝင်းအတွင်း ထိန်းသိမ်းစောင့်ရှောက်ထားသည့် ဖြစ်စဉ်များ ရှိပါကြောင်း ဦးဆန်းဆင့်ကပြောသည်။

“အချို့ကဆွပေးတာတွေ ရှိပါတယ်။ အနည်းအကျဉ်းတော့ ရှိနိုင်ပေမယ့် ဒါတွေဟာ သံဃာအစစ် ဟုတ်လား၊ မဟုတ်လားဆိုတာ စစ်ဆေးနေပါတယ်။ သံဃာအများစုပါဝင်တာ မဟုတ်ဘူးဆိုတာလဲ ကျွန်တော့်မှာ သက်သေအထောက်အထားတွေ ရှိပါတယ်”ဟု အဆိုပါပုဂ္ဂိုလ်ကဆိုသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီးအတွင်း ပုဒ်မ ၁၄၄၊ ၁၈၈ ထုတ်ပြန်ထားသည့် မြို့နယ်များတွင်လည်း စောင့်ရှောက်ရေးသံဃာများ ဖွဲ့စည်းဆောင်ရွက်ပါက မလိုလားအပ်သော ဖြစ်စဉ်များ ဖြစ်ပေါ်လာခြင်းကို ကာကွယ်နိုင်မည်ဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီးက မြို့နယ်သံဃနာယက ဆရာတော်များသို့ လျှောက်ထားခဲ့သည်။

“တစ်ခုခုဖြစ်လာရင် အကုန်ဆုံးရှုံးရပါတယ်။ ဒါကြောင့် မလိုလားအပ်တာတွေ မဖြစ်ပေါ်စေဖို့နဲ့ တစ်စုံတစ်ခုဖြစ်သွားလာပါက သံဃာကို သံဃာဖြင့်သာ ထိန်းကျောင်းပေးဖို့ စောင့်ရှောက်ရေးသံဃာတွေ ဖွဲ့စည်းဆောင်ရွက်တာဟာ ပိုပြီးသင့်တော်ပါတယ်”ဟု ဦးဆန်းဆင့်ကဆိုသည်။

7daynewsjournal.com