ညောင်ချောင်းသာ ကမ်းခြေတွင် အပန်းဖြေသူ များလာဟုဆို

ရန်ကုန်၊ မတ်-၈

ညောင်ချောင်းသာကမ်းခြေသို့ သွားရောက်အပန်းဖြေသူ များပြားလာကြောင်း အဆိုပါဒေသမှ  သတင်းရရှိသည်။

ဧရာဝတီမြစ်နှင့် ပန်းလှိုင်မြစ်ဆုံရာ ညောင်တုန်းမြို့၊ ရန်ကင်းစံရာ ကျေးရွာတွင် သဘာဝသဲသောင်ပြင် ပေါ်ထွန်းလျက်ရှိပြီး ညောင်ချောင်းသာဟု ဒေသခံများနှင့် လာရောက်လည်ပတ်သူများက ခေါ်ဝေါ်လာခြင်းဖြစ်သည်။

“ညောင်ချောင်းသာက နေ့ချင်းပြန် သွားနိုင်တယ်။ စရိတ်လည်း သိပ်မကုန်ဘူး။ ချောင်းသာလိုပဲ ကမ်းခြေအရသာကို ခံစားရတယ်” ဟု အသက် ၅၀ အရွယ် အမျိုးသမီးကြီးတစ်ဦးက ပြောကြားသည်။

အဆိုပါ ကမ်းခြေသို့ ညောင်တုန်းမြို့ ပတ်ဝန်းကျင်မှ ဒေသခံများအပြင် ရန်ကုန်မြို့မှ အပန်းဖြေသူများ၊ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားအချို့ပါ နေ့စဉ်လာရောက် အပန်းဖြေကြကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ညောင်ချောင်းသာကို ရန်ကုန်ကနေ နေ့ချင်းပြန်သွားလို့ရတယ်။ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက ပေါ်နေတာ။ မြစ် ကောသွားပြီးတော့ ကမ်းခြေဖြစ်လာတာပါ” ဟု အဆိုပါ ကမ်းခြေသို့ သွားရောက်လည်ပတ်ဖူးသူ အသက် ၂၈ နှစ်အရွယ်ရှိ လူငယ်တစ်ဦးက ပြောသည်။

“ဒီကမ်းခြေကို ပြည်တွင်းခရီးသွားတွေ အဓိကသွားကြတာပါ။ နိုင်ငံခြား ခရီးသွားတွေအတွက်တော့ ခရီးစဉ်တစ်ခုအနေနဲ့ ဆွဲထားတာ မရှိသေးပါဘူး။ FIT Tour တွေတော့ သွားကြမှာပါ” ဟု မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ညောင်ချောင်းသာကမ်းခြေသည် ရန်ကုန်မြို့မှ ၃၄ မိုင်ကွာဝေးပြီး ကြာမြင့်ချိန်တစ်နာရီအတွင်း အရောက်သွားနိုင်သည်။

7daynewsjournal.com