အယ်ဒီတာထံပေးစာ

ဗုဒ္ဓဘာသာဝင် မြန်မာအချို့ ဘုန်းကြီးကျောင်းဝင်းအတွင်း ဖိနပ်မစီးရန်လို

7Day News Journal

မြင့်နိုင်(ဟင်္သာတ)
ကျွန်တော်ဟာ အပတ်စဉ်  7Day News  ကို ဖတ်ရှုနေသူတစ်ယောက်ဖြစ်ပါသည်။ ပြီးခဲ့သည့်  7Day Newsဂျာနယ် ဖေဖော်ဝါရီလ၂ရက်ထုတ်တွင် ပါရှိသောအောင်သူရ၏ ကမ္ဘာ့လှည့်ခရီးသွားအချို့  ဘုရားရင်ပြင်နှင့် ဘုန်းကြီးကျောင်းဝင်းအတွင်း ယဉ်ကျေးရန်လိုဟူသော သတင်းတိုတစ်ပုဒ်ကို ဖတ်လိုက်ရသည့်အတွက် အမျိုးဘာသာ၊ သာသနာအတွက် ရည်ရွယ်လျက် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးအချို့ အတွက်လည်း ဘုန်းကြီးကျောင်းဝင်းအတွင်း ယဉ်ကျေးရန်အတွက်ပင်မက  ဖိနပ်မစီးမိစေကြရန် လည်းလိုကြောင်း အပြုသဘောဆောင်၍ သတိပေးရေးသားလိုက်ရခြင်းဖြစ်ပါသည်။

အောင်သူရ၏ သတင်းတို တစ်ပုဒ်တွင်ပါရှိသော နောက်ဆုံးစာပိုဒ်၌ လွန်ခဲ့သော နှစ်ပေါင်းများစွာ ကပင် ဗုဒ္ဓသာသနာအဆောက်အအုံများအတွင်း ဖိနပ်စီးနင်းခြင်းကို တားမြစ်ခဲ့ကြသည်။ သို့သော်အချို့သော ဘုန်းကြီးကျောင်းများတွင်မူ ကျောင်းထိုင်ဆရာတော်က ခွင့်ပြုပါက ကျောင်းဝိုင်းအတွင်း ဖိနပ်စီးနိုင်ကြောင်းသိရသည်ဟု ဆိုထားရာ ကျွန်တော်လက်ရှိ နေထိုင်ရာ ရပ်ကွက်အတွင်းရှိ ဘုန်းကြီးကျောင်းသုံးကျောင်းကို ပြေးမြင်မိသလို ယင်းဘုန်းကြီးကျောင်းများတွင်လည်း ကျောင်းထိုင်ဆရာ တော်က ခွင့်ပြုသဖြင့် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများသာမက အခြား ဘာသာဝင်များပါ ဘုန်းကြီး ကျောင်းဝင်းတွင်းဖိနပ်စီးနင်းလျက် ဖြတ်သန်းသွားလာလျက်ရှိတာကို ကျွန်တော်၏အတွေးပုံရိပ်တွင် ထင်လာမြင်လာမိပါတော့သည်။

ကျောင်းထိုင်ဘုန်းကြီးက ခွင့်ပြုတာပဲဟုဆိုပြီး ဘုန်းကြီးကျောင်းဝင်းအတွင်း မကြောက်မရွံ့ ရဲဝံ့စွာဖြင့် ဖိနပ်စီးရဲနေကြကုန်သော ဗုဒ္ဓဘာသာဝင်ဟု အမည်ခံထားသော မြန်မာလူမျိုး အချို့အတွက်ရတက်မအေးဖြစ်မိပါသည်။ ရိုးသားစွာဖြင့် ၀န်ခံရလျှင် ကျွန်တော်သည် ပရိယတ္တိ စာပေမတတ်ပါ။ သို့သော် တရားနာခြင်း၊ တတ်အားသရွေ့ ဓမ္မစာပေများကို လက်လှမ်းမီသရွေ့ ဖတ်ရှုလေ့လာနေသူတစ်ဦးမျှသာဖြစ်ပါသည်။ ထိုကြောင့်လည်း ကျွန်တော်သည် ဘုရား၊ တရား၊ သံဃာဟု ဆိုအပ်သော ရတနာ
သုံးပါးမှလွဲ၍ ကျန်အရာများကို မယုံကြည် မကိုးကွယ်တော့ဘဲ မကြောက် မရွံ့ စွန့်ပယ်ရဲခဲ့သော်လည်း ဘုရား၊ တရား၊ သံဃာတို့အပေါ်တွင် မလေးမစားပြုလုပ်မိသလို ဖြစ်မည့်(အဂါရ၀)ကိစ္စရပ်များကို အလွန့်အလွန်ပင် ကြောက်ရွံ့မိပါသည်။ မမှန်ကန်သည့် မိစာဒိဋ္ဌိ အယူဝါဒ များကို ကြောက်ရွံ့သင့်ပါကြောင်း သတိပေးရခြင်းဖြစ်ပါသည်။

ဆရာဦးဆန်းလင်း(ဆည်မြောင်း)၏ ဆည်မြောင်းဒါဘာတွင်ဟောပြောချက်များကို စာအုပ်အဖြစ်ရိုက်နှိပ်ထုတ်ဝေခဲ့သော မင်္ဂလာတရား၊ မင်္ဂလာစကားဟူသောစာအုပ်တွင် ဘုန်းကြီး ကျောင်းဝင်း အတွင်း ဖိနပ်စီးသင့်၊ မစီးသင့်နှင့်ပတ်သက်ပြီး မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်တွင် ခေတ္တတည်းခို၍ တက္ကသိုလ် ကျောင်းလာတက်သော မောင်ထွန်းကြိုင်ဆိုသူက တက္ကသိုလ်ကျောင်းသားဖြစ်သည့်အ တွက် သူ့အဖို့ နွေဆိုလည်း ပူလို့၊ မိုးနှင့်ဆောင်းတို့တွင်လည်း အေးလို့ဆိုပြီး အကြောင်းပြချက်နှင့် သူတစ်ယောက်တည်း အတွက် ကျောင်းဝင်းအတွင်း ဖိနပ်စီးခွင့်ပေးဖို့ရန် မစိုးရိမ်ဆရာတော်ကြီးထံ လာရောက် လျှောက်ထားရာတွင် မစိုးရိမ်ဆရာတော်ကြီးက “အေးကွယ်၊ တို့ကတော့ စာကလေး မတောက်တခေါက်နဲ့ ဖိနပ်စီးခွင့်တော့ မပေးရဲပါဘူး။ စီးချင်းသပဆိုရင်လည်း စီးပေါ့။ ဖိနပ်စီးလို့ အပြစ်မဖြစ်ရင်တော့ကောင်းတာ ပေါ့။ အပြစ်ဖြစ်ခဲ့ရင်တော့ ဖိနပ်စီးတဲ့သူ ကိုယ်တိုင်က တာဝန်ယူရမှာပါကွယ်”ဟု မိန့်ဆိုထားပြီးဆက်၍ ဗိုလ်နဲ့တပ်သား ဥပမာပေးမိန့်ကြားသွားပုံမှာလည်း ထိမိလှပါသည်။ “ရှေ့မှာ ရန်သူကပစ်နေတာ ဗိုလ်ကအမိန့်ပေးလို့ တက်သွားတဲ့ တပ်သားဟာကျဆုံး တာပဲ”ဟု ဥပမာအပြင် “တို့များ ရဲ့ မစိုးရိမ်ကျောင်းဒကာများ တောင်ကျောင်းဝင်း အတွင်း ဖိနပ်စီးဖို့နေနေသာသာ သူတို့စီးလာတဲ့ မော် တော်ကားကိုတောင် ကျောင်းဝိုင်းအပြင်ဘက် ရပ်ထားခဲ့တာ ကွဲ့”ဟူသော ဆိုမိန့်ချက်များမှာမှတ်သားလောက် သည့် ရှေးမြန်မာကြီး များ၏ အမျိုးဘာသာ၊ သာသနာအပေါ်တွင် သက်ဝင်ယုံကြည်လေးစား ကြောက်ရွံ့လိုက်နာမှုများအပြင် ဆရာဖြစ်သူဘက်မှလည်း ဒကာများအား သာသနာအပေါ်တွင် အမှားကင်းစေရန် မေတ္တာရှေ့ထားကြောင်းကျိုးပြကာဆိုဆုံးမတတ်မှုကို လေးစား အတုယူကြစေလိုပါ သည်။ ယခုလို ကျောင်းထိုင်ဆရာတော်က ဖိနပ်စီးခွင့်ပြုသဖြင့် ဘုန်းကြီးကျောင်းဝင်း(ကျောင်းဝိုင်း)အတွင်း ဖိနပ်စီးပြီးသွားလာနေကြ ကုန်သော ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးအချို့အပြင် အခြားဘာသာခြားများ အတွက် အကြိုက်ဖြစ်စေမည့် ဖိနပ်စီးခွင့်ပြုချက်မျိုးကို အချိန်မီပြင်ဆင်စေလိုပါသည်။

ဤနေရာတွင် ဖိနပ်စီးခွင့်ပေးခြင်း၊ ဖိနပ်စီးခြင်းတို့အပေါ်တွင် ကျွန်တော့်ထက် ပရိယတ္တိစာပေ ကျွမ်းကျင်လိမ္မာသော ရဟန်းနှင့် လူပုဂ္ဂိုလ်များက အချက်အလက် ခိုင်မာစွာဖြင့် ဖော်ပြပေးနိုင်သော် ကောင်းလေစွဟု တွေးမိပါသည်။ ကျွန်တော်ကိုယ်တိုင်က မူ တစ်နေ့ကကိစ္စတစ်ခုကြောင့် ရပ်ကွက်တွင်းရှိ ဘုန်းကြီး ကျောင်း ၀င်းအတွင်းမှ ဖြတ်သန်းသွားဖို့ ရန် ကျောင်းပေါက်ဝရောက်သည်နှင့် ဖိနပ်ချွတ်၍ လက်တစ်ဖက်မှ ကိုင်ကာ လျှောက်ဝင်သွားရာ လက်ဆွဲခြင်းများကို ကိုင်၍ ဈေးမှ ပြန်လာပုံရသော အမျိုးသမီးတစ်သိုက်၏ စူးရှသည့် အကြည့်နှင့်အတူ သူတို့၏မျက်နှာပေါ်တွင် ကျွန်တော့်ကို ခပ်ထေ့ထေ့ပြုံးသွားတာတွေ့လိုက်ရပါသည်။ ယင်းတို့၏ နောက်ဘက်မလှမ်းမကန်းတွင်လည်း ဖိနပ်များစီးလျက် ရဲဝံ့သော ခြေလှမ်းများကို လှမ်းလာရင်း သူတို့က ကျွန်တော့်ကို အံ့သြသော မျက်လုံးများဖြင့် ကြည့်နေသော လူတစ်စုနှင့်အတွေ့မှာတော့ ကျနေသည့်ပခုံးကို မြှင်၊့ မရှိသည့် ရင်ကိုဖွင့်လျက်ချွတ်ပြီး ဖိနပ်ကိုလက်ကကိုင်ကာ ကျောင်းထိုင်းဆရာတော်က ဖိနပ်စီးခွင့်ပေးထားသည်ဟုဆိုသော ဘုန်းကြီး ကျောင်းဝင်းများအတွင်းသို့  ဘယ်သောအခါမှ  ဖိနပ်မစီးဘဲ  သွားမြဲ သွားလျက်ပဲလို့ ဆိုပါရစေ။     
 

7daynewsjournal.com